shinn

Friday, November 25, 2011

Before We Act.....


အမိယုတ်တော့ နှုတ်ကြမ်း၏။ အဖယုတ်တော့ ကိုယ်ကြမ်း၏ ။ဆိုတဲ့မြန်မာရှေးရိုးစကားကြောင့် ကျွန်မမှာ ဘာတစ်ခုပဲလုပ်ချင် လုပ်ချင် စဉ်းစားနေရပါတယ်။ ကိုယ့်ဘာသာလုပ်လိုက်ပေမယ့်လည်း ကိုယ့်မိဘ ကိုထိခိုက်မှာစိုးတာနဲ့ အနေအထိုင် ၊ အပြောအဆိုကစလို့ ဆင်ခြင်နေရပါတယ်။ကိုယ့်ဘာသာကိုယ် လုပ်ချင်ရာလုပ် ၊ ပြောချင်ရာပြောတာကို ဘာမှမဆိုင်ဘဲ မိဘကအလကားနေရင်းကြားကနေ ယုတ်တယ် ဖြစ်သွားဦးမှာမို့ တစ်ခုခုပြောတော့မယ်ဆိုတိုင်းလည်း စဉ်းစားပြီးမှပြောနေရပါတယ်။ ကျွန်တော်တို့အပေါ်ကြီးမားလှတဲ့ မိဘကျေးဇူးကို ကျွန်တော်တို့ပြန်လည်ဆပ်နိုင်ဖို့ဆိုတာ ဒီဘ၀တစ်ခုတည်းနဲ့လုံလောက်မှာမဟုတ်ပါဘူး။မိဘကျေးဇူးကိုမဆပ်နိုင်သေးတဲ့အပြင် မိဘကိုပါ အပြောခံရအောင်လုပ်မယ်ဆိုရင်အင်မတန်မတရားတော့ဘုးလေ။ ယနေ့ခေတ်လူငယ်လေးတွေက အင်မတန်ကြိုးစားကြပါတယ်။ ကြိုးစားသလောက်လည်း ဖြစ်ထွန်းကြပါတယ်။ နည်းပညာ နဲ့ အဆင့်မြင့်ပညာတွေထွန်းကားတဲ့ ခေတ်ကြီးမို့ လူငယ်လေးတွေ အင်မတန်ထူးချွန်ကြပါတယ်။မိဘတွေကြောင့်မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ်ကြိုးစားလို့ ဒီလိုဖြစ်တာ ဒီလိုတတ်တာ ဒီလိုတော်တာ ဆိုတဲ့ သဘောမျိုး ပြောနေတဲ့လူငယ်လေးတွေကိုတွေ့ရင် ကျွန်တော်အရမ်းပြောချင်တာတစ်ခုက...ဟုတ်ပါတယ်။ ကိုယ်ကြိုးစားလို့ ဒီလိုတတ်မြောက်ထူးချွန်နေတာ။ ဒါပေမယ့် ဒီလိုပညာရပ်တွေကိုဆည်းပူးဖို့ အခြေခံပညာ ကစလို့ သင်ပေးခဲ့တာ ၊ ကျောင်းထားပေးခဲ့တာ မိဘတွေမဟုတ်ပါလား။ အေ ဘီ စီ ဒီ ကစလို့မတတ်ဘဲ ၊ ၀လုံးလေးဝိုင်းအောင်မရေးတတ်ဘဲ ဒီလို ပညာရပ်တွေကို ၀ုန်းကနဲ ၊ ဒိုင်းကနဲ ဘယ်သူတတ်မြောက်ပါမလဲ။ မိဘကမွေးခဲ့လို့ လူအဖြစ်ကိုရောက်လာပြီး မိဘက ကျွေးမွေးပြုစုခဲ့လို့ ဒီအရွယ် ဒီလိုဖြစ်လာတာမှာ မိဘတွေကြောင့်မဟုတ်ဘူးလို့ ပြောလို့ရပါမလား။ တချို့လူငယ်လေးတွေက သူတို့ဘာသာမနေနိုင်မထိုင်နိုင်မွေးလို့ လူဖြစ်လာတာပဲ။ ကျေးဇူးတင်စရာမလိုပါဘူး ဆိုတဲ့သဘောမျိုးလည်း ပြောတာကိုကြက်သီးမွေးညှင်းထစွာ ကြားခဲ့ရဖူးပါတယ်။မိဘနှစ်ဦး အချစ်ပွားလို့ပဲ မွေးလို့ လူဖြစ်လာတယ် လို့ဆိုတာ လူမဖြစ်ရင် ကိုယ်ဘာသွားဖြစ်မလဲဆိုတာ တွေးကြည့်မိပါတယ်။လူဆိုတာ သက်ရှိတွေထဲမှာ အဆင့်မြင့်ဆုံး ၊ ဥာဏ်ပညာအရှိဆုံးနဲ့ စဉ်းစားတွေးခေါ်မြော်မြင်နိုင်စွမ်းအရှိဆုံးပါ။တကယ်လို့များ ကျွန်တော်တို့ လူမဖြစ်လာရင် တခြား သက်ရှိတွေဖြစ်လာမှာပေါ့။ ဒါဆိုလူဖြစ်လာရတဲ့အတွက် မိဘတွေရဲ့ကျေးဇူးအင်မတန်ကြီးမားလှပါတယ်။ မိဘတွေရဲ့ မွေးကျေးဇူး ၊ ကျွေးကျေးဇူး နဲ့ ပြုစုစောင့်ရှောက် ပညာသင်ပေးခဲ့တဲ့ကျေးဇူးတွေကို ကျွန်တော်တို့ မဆပ်နိုင်ဘဲ မိဘတွေ အပြောခံရအောင်တော့မလုပ်ပါဘူးလို့ ဆုံးဖြတ်မိပြီး ကျွန်တော် တစ်ခုခုပြောမယ် လုပ်မယ်ရည်ရွယ်တိုင်း မိဘ နှစ်ပါးရဲ့ မျက်နှာကိုမြင်ပြီး ဆင်ခြင်မိပါတယ်။ လူ့စိတ် ကိုလေ့လာတဲ့အခါမှာလည်း လူတွေဟာတစ်ခုခုကိုပြောလိုက်တာ မရည်ရွယ်ဘူးလို့ပြောလို့မရပါဘူး။စကားတစ်ခွန်းကိုပြောလိုက်တယ်ဆိုရင် အဲဒီစကားဟာသူ့စိတ်မှာကြိုတင်တွေးတောကြံစည်ပြီးသားမို့ပါ။ဒေါသအလျှောက်ပြောမိတယ်။ မှားမိတယ်လို့ လူတွေဟာ ဆင်ခြေပေးတတ်ကြပေမယ့်တကယ်တန်းလူ့စိတ်သဘောမှာ တစ်ခုခုကိုပြောမယ်ဆိုတာ သူ့စိတ်မှာ နဂိုတည်းကရှိပြီးသားမို့ သူ့ပါးစပ်ကနေပြောထွက်သွားတာပါ။ဥပမာ ဆိုရင် မင်းကဘာကောင်မို့လဲ လို့ မေးလိုက် ၊ ပြောလိုက်တဲ့ လူတစ်ယောက်ဟာ သူမေးလိုက်၊ ပြောလိုက်တဲ့ သူကို အဲလိုသူ့စိတ်ထဲမှာတွေးပြီးသားပါ။သူကဘာကောင်မို့လဲ။ သူက ဘာမို့လို့လဲ ဆိုတာကို သူ့စိတ်မှာရှေးဦးမဆွတည်းက ကြံစည်တွေးတောမိပြီးသားမို့ သူမေးတာ ပြောတာပါ။ရုတ်တရက်ဆိုတော့ ဒေါသအလျှောက် ပြောလိုက်မိတာပါ။ ဒေါသနဲ့ စကားတွေမှားတာပါလို့ ဆင်ခြေ ဆင်လက်တွေ လူတွေကပေးတတ်ကြပေမယ့်ဘယ်စကား ၊ ဘယ်အရာမဆို လူ့စိတ်ကနေ ကြံစည်တွေးမိပြီးသားတွေဆိုတာနက်နဲပြီး စိတ်ဝင်စားစရာကောင်းလွန်းလှတဲ့ သိမ်မွေ့လှတဲ့ ဘာသာရပ်တစ်ခုဖြစ်တဲ့ လူ့စိတ်သဘောဘာသာရပ်မှာ လေ့လာတွေ့ရှိနိုင်ပါတယ်။ အဲဒါသူ့ ၀သီပဲလေ။ သူကဒီလိုပဲပြောတတ်တာပဲ ။ သူ့စိတ်မှာဘာမှသဘောမရှိဘူး။သူ့အကျင့်မို့လို့ သူဒီလိုပဲ ပြောတာ လုပ်တာလို့ လူကြီးသူမတွေက တစ်ယောက်နဲ့တစ်ယောက်အမုန်းပွားမှာစိုးလို့ ဆင်ခြေတွေကြားထဲကနေ ပေးနေတတ်ကြပါတယ်။ဒါပေမယ့်သေချာပြန်စဉ်းစားကြည့်ရင် အပြော အဆို အပြု အမူတွေဟာ လူ့စိတ်ကနေကြိုတင်မကြံစည်ထားဘဲ သူ့အလိုလိုဖြစ်မှမလာနိုင်တာပဲ။လူကြီးတွေပြောတဲ့စကားကို ဒီနေရာမှာ ဆန့်ကျင်လိုပေမယ့် ဘာမှမပြောမိတော့ပါဘူး။ ဒါသူ့ဝသီပဲလေ ဆိုလည်း သူ့ဝသီပေပဲလို့ ထားလိုက်ရုံပဲရှိပါတော့တယ်။ (ဟနစံ)

No comments:

Post a Comment